Report 214 / Asia 30 နိုဝင်ဘာလ 2011 4 minutes ငြိမ်းချမ်းရေး အသစ်ကြိုးပမ်းမှုနှင့် မြန်မာနိုင်ငံ Share Facebook Twitter Email Linkedin Whatsapp သိမ်းပါ မိတ္တူထုတ်ရန် (ပရင့်ထုတ်ရန်) Download PDF Full Report Also available in Chinese, Simplified Chinese, Simplified Burmese English Executive Summary မြန်မာသမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ မတ်လတွင် အာဏာ ရယူပြီးချိန်မှစ၍ ပြုပြင် ပြောင်းလဲမှုများကို အကောင်အထည်ဖော်ရန် သိသိသာသာ လျင်မြန်စွာ လှုပ်ရှားခဲ့သည်။ သမ္မတသည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို လက်ကမ်းခြင်း၊ နိုင်ငံရေး အကျဉ်းသား အရေအတွက်များများ လွှတ်ပေးခြင်း၊ မီဒီယာ ဆင်ဆာတည်းဖြတ်မှုကို ဖြေလျော့ပေးခြင်း၊ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ပြုသည့် ဥပဒေသစ်ကို လက်မှတ်ထိုး ထုတ်ပြန်ခြင်း တို့ကို ဆက်တိုက် ပြုလုပ်ခဲ့သည်။ အရေးယူဒဏ်ခတ်မှု sanctions ချမှတ်သော အနောက်နိုင်ငံများ က အဓိက ရည်ရွယ် သတ်မှတ်ထားသော စည်းကမ်းများ ဖြစ်သည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည် ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ နိုင်ငံရေး လုပ်ငန်းစဉ်သို့ ပြန်လည် ဝင်ရောက်ရန် အခြေအနေများ ဖန်တီး ဖြစ်ပေါ်ရေး စသော ကိစ္စများမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ၏ ဒီဇင်ဘာ လဆန်း ခရီးစဉ် မတိုင်မီ၌ပင် လိုလားသည့် အတိုင်း ပြည့်မီမည့် လက္ခဏာများ ကောင်းစွာ ပေါ်လွင်နေသည်။ ယခု နောက်ဆုံး သိသာ ထင်းရှားသော ငြိမ်းချမ်းရေး ကြိုးပမ်းမှု ကလည်း နိုင်ငံ၏ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်သည့် အစိုးရနှင့် တိုင်းရင်းသား အုပ်စုများ အကြား နှစ် ၆၀ ကြာ ပြည်တွင်းစစ် ပြဿနာကိုပါ ဖြေရှင်း နိုင်တော့မည့် မျှော်လင့်ချက်ကို ပေးလျှက် ရှိသည်။ မကြာသေးမီက အဆိုပါ တိုင်းရင်းသား ပြဿနာ အနေအထားသည် အခြေအနေ ကောင်းပုံ မရခဲ့ပါ။ လက်ရှိ နှစ်များ အတွင်း အရပ်ဘက် အစိုးရသစ် အတွက် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော တပ်မတော် အစိုးရဟောင်းသည် တိုင်းရင်းသား အုပ်စုများနှင့် ဖွာလန်ကျဲပြီးသား ဆက်ဆံရေးကို ပိုမို ဆိုးဝါးစေခဲ့သည်။ တိုင်းရင်းသား အုပ်စုများ၏ လက်နက်ကိုင် တပ်များကို တပ်မတော်၏ ကွပ်ကဲမှု အောက်သို့ သွတ်သွင်းမည့် နယ်ခြားစောင့်တပ် အစီအစဉ်သစ်ကို ချမှတ်ရန် ကြိုးစားမှုကြောင့် ရှိရင်းစွဲ အပစ်အခတ် ရပ်စဲမှုများ ပျက်ပြား သွားခဲ့သည်။ တိုင်းရင်းသားတို့၏ ကာလရှည်ကြာ နိုင်ငံရေး မကျေလည်မှုများကို လုံခြုံရေး ပြဿနာအဖြစ် သုံးသပ်ပြီး၊ အရှိန်မြှင့် တိုက်ခိုက်ခြင်းကြောင့် အဓိက ဖြေရှင်းရမည့် ကိစ္စများဖြစ်သော ငြိမ်းချမ်းမှု ဖော်ဆောင်ရေး၊ သာတူညီမျှမှု မြှင့်တင်ရေး၊ လူ့အခွင့်အရေး ညှင်းပန်းမှုများ အဆုံးသတ်ရေး၊ စီးပွားရေး အခွင့်အလမ်းများ ဖြည့်ဆည်းပေးရေး၊ သာတူညီမျှ ရင်းမြစ် မျှဝေရေး၊ ဒေသန္တရ ကိုယ်ပိုင် အုပ်ချုပ်မှု ခိုင်မာစေရေး စသည်တို့ကို ဖြေရှင်းရန်မှာ ပိုမို ခက်ခဲခဲ့ပါသည်။ အာဏာရလာသော သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား ကိစ္စကို အမျိုးသား ဦးစားပေး အနေဖြင့် ဆောင်ရွက်ရန် ကတိပေးခြင်း၊ တိုင်းရင်းသား အုပ်စုအားလုံးနှင့် ဒိုင်ယာလော့ခ် ကမ်းလှမ်းခြင်း၊ ဆွေးနွေးရန် အတွက် အဓိက ကြိုတင် စည်းကမ်း သတ်မှတ်ထားမှုများကို ပယ်ဖျက်ပေးခြင်း တို့ကို ပြုလုပ်ခဲ့သော်လည်း ထိုစကားများဖြင့် မလုံလောက်ကြောင်း တွေ့မြင်ကြရပြီ ဖြစ်သည်။ သို့ဖြစ်ရာ ယခုအခါ သမ္မတ အနေဖြင့် ၄င်းပြောသည့် စကားကို တာဝန်ယူကြောင်း သံသယကြီးသည့် တိုင်းရင်းသား အသိုင်းအဝိုင်းက ယုံကြည် လာစေမည့် လက်တွေ့ လုပ်ဆောင်မှုများဖြင့် ငြိမ်းချမ်းရေး အသစ် ကြိုးပမ်းမှု လမ်းကြောင်းအတိုင်း လိုက်ပါရန် လိုအပ်နေပြီ ဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၄၈ခုနှစ် လွတ်လပ်ရေး ရချိန်မှစ၍ တိုင်းရင်းသား လူမျိုးစု အကုန်လုံးနီးပါးနှင့် ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်။ ၁၉၈၈တွင် အာဏာ သိမ်းခဲ့သော တပ်မတော် အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများစွာနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများ လက်မှတ်ရေးထိုးခြင်းဖြင့် နယ်စပ် တောင်တန်း ဒေသများရှိ အကြီးမားဆုံး စစ်ရေး ခြိမ်းခြောက်မှုကို ယာယီ ပြေလည်အောင် ပြုလုပ်ခဲ့သည်။ ၎င်း အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် များသည် စစ်ပွဲမှ ငြိမ်းချမ်းရေးသို့၊ လက်နက်ကိုင် ပဋိပက္ခမှ နိုင်ငံရေး ငြင်းခုန်မှုသို့ ရွေ့ရမည့် အလှည့်အပြောင်း တစ်ခု ဖြစ်သင့် သော်လည်း ထိုသို့ ဖြစ်လာခြင်း မရှိခဲ့ပေ။ ထိုသို့ ဖြစ်လာရမည့်အစား ကတိပြုထားသော နိုင်ငံရေး ဆွေးနွေးမှုများ လုံးဝ အသက်ဝင်လာခြင်း မရှိသည့် အလျောက် ရပြီးသား သဘောတူညီချက်များ ပို၍ ဆွေးမြေ့လာကာ ရေရှည် ကြံစည်ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ အစိုးရ ပုံစံသစ်သို့ မကူးပြောင်းမီ တိုင်းရင်းသား လက်နက်ကိုင်တပ်များ နယ်ခြားစောင့် တပ်ဖွဲ့သို့ ပူးပေါင်းလာအောင် တပ်မတော် အစိုးရက တဖြည်းဖြည်း ကြိုးစား လာချိန်တွင် အပစ်အခတ် ရပ်စဲထားမှု ပျက်ပြယ် သွားခဲ့သည်။ မတ်လက အာဏာ လွှဲပြောင်းယူသော အခမ်းအနား အဖွင့်မိန့်ခွန်းတွင် သမ္မတကြီးက ပြောင်းလဲနေသော ကမ္ဘာကြီးနှင့် ကိုက်ညီမည့် ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ချပြခဲ့သည်။ ဤအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အဖြစ် သမ္မတကြီးက တိုင်းရင်းသား ကိစ္စ၏ အရေးကြီးပုံကို အသိအမှတ် ပြုခဲ့ပြီး အမျိုးသား ဦးစားပေး ကိစ္စအဖြစ် ဖြေရှင်း ဆောင်ရွက်ရန် ကတိပြုခဲ့သည်။ သို့သော် သမ္မတကြီး အာဏာ လွှဲပြောင်းယူချိန် ကာလတစ်ဝိုက် အရှိန်မြင့်လာသော တိုက်ပွဲများက ၄င်း၏ မိန့်ခွန်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေပြီး ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများကို အရိပ်မိုး နေခဲ့သည်။ ထို့အပြင် ၄င်းတို့၏ နိုင်ငံရေး ကွဲလွဲမှု များသည် ဤတစ်ကြိမ်တွင်လည်း စစ်မှန်သော အမျိုးသား ဦးစားပေး ကိစ္စ ဖြစ်မလာဟု ခံစားကြရသော တိုင်းရင်းသား ခေါင်းဆောင်များ ဘက်မှ ကြီးမားသော သံသယကိုပါ ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါ တိုင်းရင်းသား ပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ကနဦး မိန့်ခွန်း ပြောကြားမှုများသည် မျှော်လင့်ထားသော ဒိုင်ယာလော့ခ် အမျိုးအစားကို အားပေးနိုင်ခြင်း မရှိသည့် နောက်တွင် သမ္မတကြီးက ငြိမ်းချမ်းရေး အသစ် ကြိုးပမ်းမှု၏ နောက်တွင် အရှိန်အဟုန် တည်ဆောက်ရန် ဆုံးဖြတ်ချက် မှန်ကန်စွာ လှုပ်ရှားခဲ့သည်။ ၄င်း၏ အစိုးရ အဖွဲ့သည် လက်နက်ကိုင် အုပ်စု အားလုံးနှင့် ဆက်သွယ် ခဲ့ကြပြီး၊ နယ်ခြားစောင့် တပ်ဖွဲ့သို့ ဝင်ရောက်ရန် တောင်းဆိုထားမှု ရုတ်သိမ်းခြင်း အပါအဝင် ပထမဆုံး အကြိမ် ပိုမို ပျော့ပြောင်းလာသည့် သတ်မှတ်ချက်များကို ကမ်းလှမ်းကာ တိုင်းရင်းသား သဘောထား ကွဲလွဲမှုများ အပေါ် နိုင်ငံရေး ပြေလည်မှု ရအောင် ကြိုးစားမည့် ယခင် မရှိခဲ့ဘူးသော အမျိုးသား ညီလာခံကိုပါ ပြုလုပ်ရန် စဉ်းစား လာခဲ့သည်။ ယခု အသစ် ကြိုးပမ်းမှုသည် အဓိက လက်နက်ကိုင်အုပ်စု အချို့ ငြိမ်းချမ်းရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးရန်၊ အခြားအုပ်စုများ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် သဘောတူလာအောင် ဆွဲဆောင် စည်းရုံးခဲ့ပြီး လာမည့် သီတင်းပတ်များ အတွင်း လက်မှတ်ရေးထိုးရန် ရှိသည့် သဘောတူညီချက် များကိုလည်း ရေးဆွဲလျက် ရှိသည်။ အထက်ပါ ပြောင်းလဲ တိုးတက်မှုများသည် နှစ်ပေါင်း ၆၀ ပဋိပက္ခ ကာလအတွင်း အရေးပါဆုံး ကာလ များထဲမှ တစ်ခု အဖြစ် ထင်ဟပ် နေသော်လည်း တာရှည်ခံမည့် ငြိမ်းချမ်းရေးအဖြစ် အာမခံနိုင်ခြင်း မရှိသေးပေ။ တိုင်းရင်းသား တို့၏ မကျေလည်မှု အကြောင်းရင်းများမှာ နက်ရှိုင်းနေသဖြင့် တိုင်းပြည်တွင် ငြိမ်းချမ်းမှု ရရှိရေးသည် လက်နက်ကိုင် အုပ်စုများနှင့် သဘောတူညီမှု ရရှိရေးထက် ပိုမို အချိန်ယူရမည်။ လက်နက်ကိုင် လမ်းစဉ်ကို ဆုပ်ကိုင် ထားမည်လား၊ စွန့်လွှတ်မည်လား ဆိုသည့် ကိစ္စအတွက် တိုင်းရင်းသား ပြည်သူ အားလုံး၏ မကျေလည်မှုများ လိုလား တောင့်တမှုများကို ဖြေရှင်းရန် လိုအပ်နေသည်။ အုပ်စုကြီး တစ်ခုဖြစ်သော ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)နှင့် အသစ် ထပ်မံဖြစ်ပွားသော တိုက်ပွဲများ၊ နှစ်ဖက်စလုံး သွေးစွန်းအောင် ဖန်တီး ခဲ့မှုများက ငြိမ်းချမ်းရေး သဘောတူညီမှု မှန်သမျှကို ပိုမို ခက်ခဲအောင် ပြုလုပ်နေသည်။ ပိုမို ပွင့်လင်းလာသော နိုင်ငံရေး စနစ်သစ်သည် အထက်ပါ ကိစ္စရပ်များ ဖြေရှင်း ဆောင်ရွက်နိုင်မည့် လုပ်ငန်းဘောင် တစ်ခုကို ပေးစွမ်း နိုင်သော်လည်း အတိတ်က ညံ့ဖျင်းမှုများကို ရိုးသားစွာ လက်ခံ ဆုံးဖြတ်ခြင်းနှင့် တိုင်းရင်းသား ပေါင်းစုံအား အဆင်ပြေ ချောမွေ့စွာ ဆက်ဆံ နိုင်မည့် နိုင်ငံရေး လမ်းကြောင်းကို အခြေခံကျကျ ပြန်လည် စဉ်းစား၊ သုံးသပ်ခြင်းတို့ လိုအပ်ပါလိမ့်မည်။ တာရှည်ခံမည့် ပြဿနာ ပြေလည်မှုသည် စစ်ပွဲများ ရပ်ဆိုင်းရုံမျှထက် ပိုသော အတိုင်းအတာကို လိုအပ်သည်။ တိုင်းရင်းသား အမျိုးစုံသော၊ ဘာသာစကား အမျိုးစုံသော၊ ကိုးကွယ်မှု ဘာသာစုံသော မြန်မာနိုင်ငံ အနေဖြင့် ထိုကွဲပြား ခြားနားမှုကို အသိအမှတ်ပြု အားပေးခြင်း ဖြင့်သာ စစ်မှန်သော အမျိုးသား စည်းလုံး ညီညွတ်မှုကို ရရှိ နိုင်ပါလိမ့်မည်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာနိုင်ငံ၏ အနေအထားကို စဉ်းစား သုံးသပ်မှု ပြုလုပ် နေသည့် အလျောက် ပြဿနာ ပဋိပက္ခ၏ ရှုပ်ထွေးမှု အတိမ်အနက်ကို နားလည် သဘောပေါက်ရပါမည်။ ဤနေရာတွင် အပြင်လူများ အထူးသဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ ကဲ့သို့ အိမ်နီးခြင်းများ ပါဝင် ကပြနိုင်မည့် ကဏ္ဍကောင်း တစ်ခု ရှိနေသော်လည်း အနောက် နိုင်ငံများ အတွက်မူ နှစ်ဖက် ဆက်ဆံရေး တိုးတက်စေရန်နှင့် အရေးယူ ဒဏ်ခတ်မှု Sanctions များ ရုတ်သိမ်းရေး စတင်ရန် အတွက် ယင်းကဲ့သို့ နက်နဲစွာ အမြစ်တွယ် နေသော ပြည်တွင်းရေး မကျေလည်မှုများ ဖြေရှင်းခြင်းကို ကြိုတင် စည်းကမ်း သတ်မှတ် လုပ်ဆောင် နေခြင်းသည် မလိုလားအပ်သော မိုက်မဲမှု ဖြစ်လာဖွယ် ရှိသည်။ အဆိုပါ ပြဿနာများ ဆွေးနွေး ဖြေရှင်းမှုသည် တိုင်းရင်းသား မဲဆန္ဒနယ် များနှင့် ပြန်လည် သင့်မြတ်ရေးတွင်လည်း အရေးကြီးသော အပိုင်းတစ်ခု ဖြစ်သည့် အတွက် စစ်ပွဲများ ရပ်ဆိုင်းရန်၊ တိုင်းရင်းသား အသိုင်းအဝိုင်း၏ အဓိက နိုင်ငံရေး စိုးရိမ်ပူပန်မှုများ ဖြေရှင်းရန် မြန်မာအစိုးရအား ကိုယ့်လမ်းကို ကိုယ်ရှာဖွေ တွေ့ရှိနိုင်အောင် အားပေး တိုက်တွန်းခြင်း သည် အနောက် နိုင်ငံများ အဓိက စည်းကမ်း သတ်မှတ်ထားသော နိုင်ငံရေး အကျဉ်းသားများကိစ္စ၊ လူ့အခွင့်အရေးကိစ္စ၊ ဒီမိုကရေစီကိစ္စများ ဖြစ်ပေါ်လာအောင် အဆက်မပြတ် အထောက်အကူ ပြုလာပါလိမ့်မည်။ အဆိုပါ ပြဿနာများ ကိုင်တွယ် ဖြေရှင်းခြင်းမှ တစ်ဆင့် လူ့အခွင့်အရေး ဆိုင်ရာ လိုက်နာမှုတွင် အကြီးမားဆုံး တိုးတက်မှုများ ထွက်ပေါ်လာဖွယ် ရှိသည်။ ငြိမ်းချမ်းရေး သဘောတူညီမှုများ ရရှိသည်နှင့် တစ်ပြိုင်နက် ထိုဒေသများ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု ကူညီခြင်းနှင့် ဖွံ့ဖြိုးရေး အကူအညီ ထောက်ပံ့ခြင်း ကဏ္ဍများတွင် အလှူရှင်နိုင်ငံများ အတွက် အရေးပါသော နေရာ ထွက်ပေါ်လာရန် ရှိသည်။ ၂၀၀၃ ခုနှစ် နောက်ပိုင်း တိုင်းရင်းသားပြဿနာ ကို Crisis Group က ပထမဆုံး သီးသန့်ဦးစားပေး သုံးသပ်ထားသော ဤအစီရင်ခံစာသည် ပြီးခဲ့သော လပေါင်းများစွာ အတွင်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ အပါအဝင် မြန်မာနိုင်ငံ တစ်ဝှမ်း ပြုလုပ်ခဲ့သော လက်တွေ့ ကွင်းဆင်း သုတေသနပြု တွေ့ရှိချက်များ အပေါ် အဓိက အခြေခံ၍ ရေးသားထားခြင်း ဖြစ်သည်။ ဂျကာတာ/ဘရပ်ဆယ်၊ ၃၀ နိုဝင်ဘာ ၂၀၁၁ Related Tags More for you Op-Ed / Asia Myanmar Is Fragmenting—but Not Falling Apart Originally published in Foreign Affairs Briefing / Asia အာဏာသိမ်းမှုအလွန် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အကျိုးဆက်များ Also available in Also available in English, Chinese, Simplified