အာဏာသိမ်းမှုအလွန် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အကျိုးဆက်များ
Myanmar's junta chief military Min Aung Hlaing arrives to deliver a speech during a ceremony to mark the country's Armed Forces Day in Naypyidaw on March 27, 2024. STR / AFP
Myanmar's junta chief military Min Aung Hlaing arrives to deliver a speech during a ceremony to mark the country's Armed Forces Day in Naypyidaw on March 27, 2024. STR / AFP
Briefing 180 / Asia 20+ minutes

အာဏာသိမ်းမှုအလွန် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အကျိုးဆက်များ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသနေရာအများစုမှ မြန်မာစစ်တပ်ကို တိုက်ထုတ်နိုင်ခဲ့သည်။ စစ်တပ်အင်အားချိနဲ့လာပြီး ဗဟိုချုပ်ကိုင်မှုလျော့ရဲလာစဉ် မြန်မာနိုင်ငံ၏ နယ်မြေအစိတ်အပိုင်းများသည် အစိတ်စိတ်၊ အမြွှာမြွှာ ကွဲထွက်သွားပြီး တိုင်းရင်းသားများဦးစီး၍ သေးငယ်သော ပြည်နယ်အသစ်များ ထွက်ပေါ်လာသည်။ မြန်မာပြည်သူများကို ကူညီလိုသည့် ပြင်ပနိုင်ငံများ၊ အဖွဲ့အစည်းများအနေဖြင့် အသစ်ပေါ်ထွန်းလာသော ထိုပကတိ အရှိတရားနှင့် လိုက်လျောညီထွေစွာ မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရန် လိုအပ်သည်။

  • Share
  • Save
  • Print
  • Download PDF

အကြောင်းအရာအသစ်က ဘာလဲ - စစ်မြေပြင်အရှုံးများနှင့်အတူ မြန်မာစစ်တပ်သည် နိုင်ငံတစ်ဝန်း နယ်စွန်နယ်ဖျားရှိ နယ်မြေအများအပြားကို ၎င်း၏ ရန်သူလက်နက်ကိုင်တပ်ဖွဲ့များထံသို့ အလျင်အမြန် ဆုံးရှုံးနေသည်။ စစ်တပ်နှင့် ပိုင်ရာဆိုင်ရာ အခွင့်ထူးခံ အီလစ်အသိုင်းအဝိုင်းတွင်မူ ထိုဆုံးရှုံးမှုများအတွက် ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်အပေါ် ပြစ်တင်ဝေဖန်မှုများ ဆူညံနေသည်။ တပ်ချုပ်အဖြစ် ၎င်း၏နေ့ရက်များ လက်ချိုးရေလို့ရသည်အထိ မင်းအောင်လှိုင်၏ အာဏာထိုင်ခုံ လှုပ်ယမ်းလာနိုင်ခြေရှိသော်လည်း မြန်မာစစ်တပ်သည် မနက်ဖြန်၊ သန်ဖက်ခါ ပြိုလဲမည့် အနေအထားအထိတော့ မယိုယွင်းသေးပါ။

ဘာကြောင့် ဒီအကြောင်းအရာက အရေးပါသလဲ - မြန်မာနိုင်ငံ၏ နယ်မြေအစိတ်အပိုင်းများ ဗဟိုချုပ်ကိုင်မှုမှ လွတ်ကင်း၍ အစိတ်စိတ်၊ အမြွှာမြွှာ ကွဲထွက်သွားမည့်အရေး ကြုံနေရသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ၎င်းတို့၏ ထိန်းချုပ်ဌာနေနယ်မြေများတွင် အင်အားတည်ဆောက်စဉ် နိုင်ငံ့ဗဟိုချက်မတွင်မူ အင်အားချိနဲ့လာသည့် စစ်ကောင်စီသည် အာဏာကို ဆက်လက်ဖက်တွယ်နေပြီး ဆုံးရှုံးနယ်မြေများတွင် လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်၍ ကလဲ့စားချေလျက်ရှိသည်။ ပိုမိုများပြားသော နယ်မြေအစိတ်အပိုင်းများ ဗဟိုချုပ်ကိုင်မှုမှ လွတ်ကင်း၍ ကွဲထွက်သွားမည်မှာ သေချာသလောက်ရှိသည့် ဖြစ်နိုင်ခြေ တစ်ခုပင်။ ထိုသို့ဖြစ်လာသည့်တိုင် နိုင်ငံတစ်ဝန်း သူတစ်လူ ငါတစ်မင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား သွေးထွက်သံယိုပဋိပက္ခ ပိုမိုမြင့်တက်လာမည်ဟုတော့ တပ်အပ် ကြိုတင်နိမိတ်ဖတ်၍ မရနိုင်ပေ။

ဘာတွေလုပ်ဆောင်သင့်သလဲ -  အိမ်နီးချင်းနိုင်ငံများအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်လျှင် ပျော့ပျောင်းသော မူဝါဒစွဲကိုင်၍ နယ်စပ်တစ်လျှောက်ရှိ နိုင်ငံတော်အစိုးရမဟုတ်သော တိုင်းရင်းသားအာဏာပိုင်အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံသင့်ပါသည်။ နိုင်ငံတကာ အလှူရှင်များသည် အစဉ်အားဖြင့် နိုင်ငံတော်အာဏာပိုင် အစိုးရအဖွဲ့အစည်းများ နှင့်သာ ထိတွေ့ဆက်ဆံလေ့ရှိသည်။ သို့တိုင် ၎င်းတို့အနေဖြင့် တည်ဆဲနှင့် ထွက်ပေါ်လာလတ္တံ့သော အစိုးရမဟုတ်သည့် တိုင်းရင်းသားအာဏာပိုင်အဖွဲ့အစည်းများ၏ အုပ်ချုပ်မှုနယ်မြေများတွင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့် အုပ်ချုပ်ရေးယန္တရားများ ပိုမိုအားကောင်းလာအောင် ကူညီပေးနိုင်မည့်နည်းလမ်းများ ရှာဖွေဖော်ထုတ်သင့်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပဋိပက္ခအန္တရာယ် သက်ရောက်မှုများ၊ လူ့အခွင့်အရေးရှုထောင့်က စဉ်းစားချက်များနှင့် ဥပဒေအရ အကန့်အသတ်များကို အထူးဂရုပြုသင့်ပါသည်။

I. အစီရင်ခံစာအနှစ်ချုပ်

မြန်မာစစ်တပ်သည် နိုင်ငံ့အစွန်အဖျားရှိ စစ်မျက်နှာပြင်များတွင် ရှက်ဖွယ်ကောင်းသော အရှုံးများနှင့် ရင်ဆိုင်ရပြီးနောက် နယ်မြေများ၊ စစ်စခန်းများနှင့် မြို့အများအပြားကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံသို့ ဆုံးရှုံးလိုက်ရသည်။ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ အများစုကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီး လက်တလော စစ်ရေးအခြေအနေအရ နယ်မြေ အများအပြားကို မြေကြီးလက်ခတ်မလွဲ ထပ်မံဆုံးရှုံးရဖွယ်ရှိနေသည်။ သို့သော်လည်း စစ်တပ်သည် မကြာမီအချိန်အနည်းငယ်အတွင်း ပြိုကွဲသွားမည့် အရိပ်အယောင်တော့ မတွေ့ရသေးပေ။ စစ်တပ်အတွက် စစ်မြေပြင်တွင် အဓိကအန္တရာယ်ဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများတွင် နေပြည်တော်အထိ တက်သိမ်းမည့် အရိပ်အယောင် မတွေ့ရဘဲ ၎င်းတို့ထိန်းချုပ်ထားသော ဌာနေနယ်မြေများတွင်သာ မိမိ၏အုပ်ချုပ်မှုအာဏာ ပိုမိုအားကောင်းစေရန် အားထုတ်လျက်ရှိကုန်၏။ နေပြည်တော်အထိ ချီတက်၍ စစ်တပ်ကို အပြုတ်တိုက်မည်ဟု ကြုံးဝါးထားသည့်တိုင် အာဏာသိမ်းမှုအလွန်ထွက်ပေါ်လာသော တော်လှန်ရေးအဖွဲ့များတွင် လက်နက်၊ ခဲယမ်းမီးကျောက် အလုံအလောက် မရှိပေ။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးသည် ကိုယ်ပိုင်အုပ်ချုပ်နယ်မြေများကို ပိုမိုခိုင်မာအောင် တည်ဆောက်ကြမည်ဖြစ်သလို အင်အားချိနဲ့လာသည့် စစ်ကောင်စီကလည်း ဗဟိုအာဏာချုပ်ကိုင်မှုကို ကျားကုတ်ကျားခဲ ဆက်လက်ဖက်တွယ်ထားမည်မှာ ရှေ့တွင် ဖြစ်လာမည့် အခင်းအကျင်းပင်ဖြစ်သည်။ နိုင်ငံ၏ နယ်မြေများ ဗဟိုချုပ်ကိုင်မှုမှ အစိတ်စိတ် အမြွှာမြွှာ ကင်းလွတ်ကွဲထွက်သွားခြင်းသည် ရှေးယခင်ကတည်းက တည်ရှိခဲ့သော ပြည်တွင်းစစ်ပဋိပက္ခ၏ ဇာစ်မြစ်ကို ပို၍သာခိုင်မာသွားစေသဖြင့် စိုးရိမ်ဖွယ်ကောင်းသည်မှာ အမှန်ပင်။ ထိုမှတစ်ဆင့် တိုင်းပြည်တစ်ဝန်း သူတစ်လူငါတစ်မင်း အုပ်ချုပ်သည့် လက်နက်ကိုင် တပ်ဖွဲ့များအကြား ဗြောင်းဆန်လှသော သွေးထွက်သံယိုမှုများနှင့် ပရမ်းပတာ အခြေအနေမျိုးဆီသို့ ဦးတည်နေပြီဟုတော့ တပ်အပ်မဆိုနိုင်ပေ။ သို့သော် မြန်မာပြည်သူများကို ကူညီလိုသည့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ညီညွတ်သောတိုင်းနိုင်ငံတစ်ခုနှင့် ဆက်ဆံရခြင်းမျိုးမဟုတ်ဘဲ နိုင်ငံတော်အစိုးရ မဟုတ်သည့် တိုင်းရင်းသား အာဏာပိုင် အဖွဲ့အစည်းများနှင့် ဆက်ဆံရမည်ဖြစ်ရာ မထင်မှတ်သော စိန်ခေါ်မှုများကြုံတွေ့ရမည်ကို ကြိုတင်မျှော်လင့်ထားသင့်သည်။

စစ်တပ်၏ မကြာသေးမီက ဆုံးရှုံးမှုများသည် ရုပ်ရှင်ဆန်လှသည်။ ဦးစွာ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တပ်ပေါင်းစုကြီးတစ်ခုက ၂၀၂၃၊ အောက်တိုဘာလ၊ ၂၇ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အလွန်ပြင်းထန်သည့် ထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲခဲ့ရာ ထိုကာလအတွင်း စစ်တပ်သည် တရုတ်-မြန်မာနယ်စပ်တစ်လျှောက်ရှိ နယ်မြေအများအပြား ဆုံးရှုံးခဲ့သည်။ ထို့နောက် ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ရက္ခိုင့်တပ်တော်၏ ချေမှုန်းခြင်းကို အကြီးအကျယ် ခံခဲ့ရရာ မြန်မာစစ်တပ်သည် ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျှောက် နယ်မြေအားလုံးနှင့် အိန္ဒိယသမုဒ္ဒရာသို့ ပေါက်ရောက်သည့် ပင်လယ်ထွက်ပေါက် ဒေသအချို့ကို ဆက်လက်ဆုံးရှုံးခဲ့ရသည်။ ၂၀၂၄၊ မတ်လမှစ၍ မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်တွင် ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)ကလည်း ထိုးစစ်များ နေရာအနှံ့အပြားဖော်ဆောင်ခဲ့ရာ မြန်မာစစ်တပ်သည် မဟာဗျူဟာကျသည့် တောင်ထိပ် စစ်စခန်းများ၊ ဗျူဟာကုန်းများကို ဆုံးရှုံးရသည့်အပြင် ကုန်သွယ်ရေးအတွက် အရေးပါသည့် တရုတ်နယ်စပ်ရှိ မြို့တစ်မြို့ကိုပါ လက်လွှတ်လိုက်ရသည်။ ထို့ပြင် ကချင်ပြည်နယ်အတွင်းရှိ ကျောက်စိမ်း၊ ရွှေနှင့် ပယင်းအစရှိသည့် အဖိုးတန်သယံဇာတများ ထွက်ရှိရာ အရပ်များတွင်လည်း ကေအိုင်အေက စစ်ရေးအရ ဖိအားပေး ခြိမ်းခြောက်လျက်ရှိသည်။ ဧပြီလတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)က ထိုင်းနယ်-မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက်အရေးပါသော မြဝတီမြို့အနီးရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ချေမှုန်းခဲ့ရာ ထိုမြို့ကို ခေတ္တလက်လွှတ်ခဲ့ရသည်။ သို့သော် KNLA ၏ဘက်ပြိုင် အခြားကရင်လက်နက်ကိုင်အဖွဲ့တစ်ခုက ကူညီခဲ့ရာ စစ်တပ်က မြဝတီမြို့ကို ပြန်လည်ထိန်းချုပ် နိုင်ခဲ့သည်။

စစ်ရေးနှင့် စီးပွားရေးအရ အကျိုးဆက်များအပြင် ထိုဆုံးရှုံးမှုများကြောင့် အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ရပ်ဝန်းတွင် နိုင်ငံရေး လေနီကြမ်းများ တိုက်ခတ်လာသည်။ စစ်တပ်ထောက်ခံသည့် အခွင့်ထူးခံအသိုင်းအဝိုင်းတွင်မူ အဆိုပါဆုံးရှုံးမှုများအတွက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တွင် အဓိကတာဝန်ရှိသည်ဟု ရှုမြင်လာကြသည်။ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားစစ်တပ်အရာရှိများက မင်းအောင်လှိုင်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်လာကြသည်။ လူသိများသည့် ဘုန်းတော်ကြီးအချို့နှင့် မျိုးချစ်အွန်လိုင်း ဘလော့ဂါများကလည်း ပို၍အရည်အချင်းရှိသူ တစ်ဦးဦးထံသို့ တပ်ချုပ်နေရာကို လွှဲပြောင်းပေးရန် မင်းအောင်လှိုင်ကို လူသိရှင်ကြား တောင်းဆိုလာကြသည်။ သို့တိုင် တပ်ချုပ်တစ်ဦးကို အင်စတီကျူးရှင်းနည်းလမ်းအရ ရာထူးမှ တရားဝင်ဖြုတ်ချသည့် ယန္တရားမျိုး မြန်မာစစ်တပ်တွင် မရှိသဖြင့် အကယ်၍ အခြားစစ်ဗိုလ်ချုပ်များက ၎င်းကို ရာထူးမှဖြုတ်ချမည်လော၊ သို့မဟုတ် မည်သည့်အချိန်တွင် ထိုကဲ့သို့ ဖြုတ်ချနိုင်သနည်းဟူသည့် မေးခွန်းများ၏ အဖြေကို ခန့်မှန်းရခက်ပေသည်။ အန္တရာယ်အရှိဆုံး အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် စစ်တပ်အားကောင်းရာ မြန်မာပြည် အလယ်ပိုင်း မြေပြန့်ဒေသသို့ ချီတက်၍ မြို့ကြီးများ၊ စစ်စခန်း၊ ဌာနချုပ်များကို သိမ်းပိုက်ရန် ဆန္ဒမရှိသဖြင့် စစ်မြေပြင်တွင် ရှုံးနိမ့်မှုများ ကြုံတွေ့ရသည့်တိုင် မြန်မာစစ်တပ်သည် လာမည့်အချိန်တိုအတွင်း ပြိုကွဲပျက်စီးသွားဖွယ် မရှိပေ။ စစ်ကောင်စီသည် လတ်တလောတွင် နေပြည်တော်တစ်ဝိုက်ကို အင်အားကောင်းကောင်းဖြင့် အပြည့်အဝ ထိန်းချုပ်ထားပြီး လေကြောင်း တိုက်ခိုက်မှုများဖြင့် စစ်မြေပြင်ဆုံးရှုံးမှုများကို ကလဲ့စားချေလျက်ရှိသည်။ ထိုသို့ လေကြောင်းဖြင့် တိုက်ခိုက်မှုများကြောင့် နောင်အချိန်အတိုင်းအတာ တစ်ခုအထိ သွေးထွက်သံယိုဖြစ်စဉ်များ ဆက်ဖြစ်နေဦးမည်ဖြစ်သည်။

တစ်ဘက်တွင် နယ်စွန်နယ်ဖျားဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကမူ ၎င်းတို့ထိန်းချုပ်ထားသော ဌာနေနယ်မြေများတွင် အင်အားအခိုင်အမာ တည်ဆောက်၍ အုပ်ချုပ်ရေးယန္တရားနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုစနစ်တို့ကို တိုးချဲ့လျက်ရှိသည်။ အဆိုပါတိုင်းရင်းသား အဖွဲ့အစည်းများ၏ ရည်မှန်းချက်မှာ ပြင်ပကျူးကျော်မှုအန္တရာယ်ကို တွန်းလှန်ကာကွယ်ပြီး အတိုင်းအတာတစ်ခုအထိ လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်သစ်များ ထူထောင်ရေးဖြစ်သည်။ တိုင်းရင်းသားတပ်ဖွဲ့အများစုအတွက်မူ ထိုရည်မှန်းချက်များမှာ ယခင်က အလှမ်းဝေးသော အိပ်မက်တစ်ခုမျှသာ ဖြစ်ခဲ့သော်လည်း ယခုတွင်မူ လက်လှမ်းမီနိုင်သည့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာပြီဖြစ်သည်။ အရှိန်ရနေပြီဖြစ်သည့် နိုင်ငံ့နယ်မြေများ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသည့်ဖြစ်စဉ်သည် မြန်မာပြည်အတွင်းက လူအများအပြား မျှော်လင့်တောင့်တခဲ့သည့် ညီညွတ်သော ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးအတွက် အထောက်အကူမဖြစ်စေနိုင်ဘဲ စိန်ခေါ်မှုအချို့ကိုသာ ဖြစ်ပေါ်လာစေသည်။

တိုင်းပြည်အတွင်းက နယ်မြေအစိတ်အပိုင်းများ ကွဲထွက်သွားသည့်ဖြစ်စဉ်ကြောင့် ပြည်တွင်းစစ်ဒဏ်သင့်နိုင်ငံများတွင် မြင်တွေ့ရသကဲ့သို့ သူတစ်လူငါတစ်မင်း လက်နက်ကိုင် တပ်ဖွဲ့များအကြား ရက်စက်ကြမ်းကြုတ်သော သွေးထွက်သံယို ပဋိပက္ခဖြစ်စဉ်များ မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ်လာတော့မည်ဟု တပ်အပ်ကောက်ချက် မချနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လွတ်လပ်ရေးရပြီးချိန်မှစ၍ မြန်မာနိုင်ငံ၏ နယ်မြေအများအပြားသည် အစိတ်စိတ်၊ အပိုင်းပိုင်း ကွဲထွက်နှင့်နေပြီး သောကြောင့်ဖြစ်သည်။ အထူးသဖြင့် နယ်စွန်နယ်ဖျားရှိ နယ်မြေ အများအပြားသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိန်းချုပ်မှုအောက်တွင် အစဉ်သဖြင့် တည်ရှိနေခဲ့သည်။ သို့ဖြစ်ရာ ယနေ့ နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းများတွင် ပါဝင်နေသော တိုင်းရင်းသားအဖွဲ့အစည်းအချို့သည် ဆိုခဲ့ပါ ပကတိအရှိတရားနှင့် နေသားကျ လာသည်မှာ နှစ်ပေါင်းရှစ်ဆယ်ခန့်ပင်ရှိပြီဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို လက်စားချေသည့်အနေဖြင့် စစ်တပ်သည် လက်လွှတ်ဆုံးရှုံးရသည့်နယ်မြေများရှိ အရပ်သားများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ကျူးလွန်လျက်ရှိသည်။ ၂၀၂၁နောက်ပေါ် စစ်တပ်ဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုများ၏ တိုက်ရည်ခိုက်ရည်မှာ စစ်တပ်ကို ခြိမ်းခြောက်နိုင်သည့် အနေအထားမရှိသေးဘဲ အကန့်အသတ် နှင့်သာ ရှိနေသည်။ နိုင်ငံ့အာဏာဗဟိုချက်မတွင် အင်အားချိနဲ့သော စစ်တပ်အတွင်း မတည်ငြိမ်မှုများကြောင့် ကျန်ဒေသများကို အာရုံမစိုက်နိုင်ချိန်တွင် တိုင်းရင်းသာများဦးစီး၍ တင်းပြည့်ကျပ်ပြည့်လည်ပတ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်သစ်များ အတူတကွ ယှဉ်တွဲတည်ရှိရေးမှာ လက်တွေ့ကျသည့် အခင်းအကျင်းဖြစ်သည်။

ထိုအခင်းအကျင်းမျိုးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ စေ့စပ်ညှိနှိုင်းရာ၌ အိမ်နီးချင်း နိုင်ငံများ၊ နိုင်ငံတကာအလှူရှင်များနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများတွင် စိန်ခေါ်မှု အပြည့်ရှိသည်။ နိုင်ငံတကာဆက်ဆံရေး ထုံးတမ်းအစဉ်အလာအရ နှစ်ဦးနှစ်ဖက်နှင့် ဘက်စုံ သံတမန်ဆက်ဆံမှုများတွင် နိုင်ငံတော်အစိုးရများဖြင့်သာ အစဉ်တစိုက်ထိတွေ့ဆက်ဆံ ကြလေ့ရှိပြီး နိုင်ငံတော်အစိုးရမဟုတ်သော ကိုယ်ပိုင်အာဏာပြု တိုင်းရင်းသား အဖွဲ့အစည်း များနှင့် ထိထိရောက်ရောက် ထိတွေ့ဆက်ဆံသည့် ရာဇဝင် မရှိပေ။ လက်ရှိတွင် စစ်တပ်သည် မြန်မာပြည်အတွင်းက နယ်စပ်ဒေသအများစုကို အလျင်အမြန် လက်လွှတ်ဆုံးရှုံးလိုက်ရပြီ ဖြစ်ရာ အိမ်နီးချင်းနိုင်ငံများအနေဖြင့် ၎င်းတို့နှင့် နယ်နိမိတ်ချင်းထိစပ်ရာ ဒေသများရှိ ထိုဖြစ်ပေါ်တိုးတက်မှုများကို ချဉ်းကပ်ရမည့်နည်းလမ်းများ ရှာဖွေရတော့မည်ဖြစ်သည်။ ဤအခြေအနေတွင် နယ်စပ်ဒေသအရေး ကောင်းမွန်သော မူဝါဒတစ်ရပ် ဖော်ဆောင်ဖို့ဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် မဖြစ်မနေ ထိတွေ့ဆက်ဆံရမည်ဆိုသည်ကို မြန်မာ့အိမ်နီးချင်းနိုင်ငံများက ကောင်းမွန်စွာ နားလည်ထားသည်။ သို့တိုင် အိမ်နီးချင်းနိုင်ငံများ ကိုယ်၌က ပုန်ကန်ထကြွမှုနှင့် ခွဲထွက်ရေးစစ်ပွဲများကဲ့သို့ အိမ်တွင်းရေးပြဿနာများနှင့် လုံးပန်း နေရဆဲဖြစ်ရာ မြန်မာပြည်အတွင်းက တိုင်းရင်းသားအဖွဲ့များနှင့် ထိတွေ့ ဆက်ဆံခြင်းဖြင့် ယခင်မရှိခဲ့ဖူးသော အစဉ်အလာတစ်ခုကို ပြဋ္ဌာန်းလိုက်သလိုဖြစ်မည်ကိုလည်း ၎င်းတို့က စိုးရိမ်လျက်ရှိသည်။ ထို့ပြင် ထိုသို့ ထိတွေ့ဆက်ဆံရာတွင်လည်း အခြားအကန့်အသတ်နှင့် အခက်အခဲများ ရှိနေနိုင်သည်။

အနောက်နိုင်ငံများ၊ နိုင်ငံတကာအလှူရှင်များအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ဗဟိုအာဏာပိုင်အစိုးရတစ်ရပ်နှင့် ပုံသေဆက်ဆံသည်ထက် ကျော်လွန်၍ ပိုမိုပြုလွယ်ပြင်လွယ်သော နည်းလမ်းများ ရှာဖွေသင့်ပါသည်။ ထိုသို့ဆိုလျှင် အစဉ်အလာပုံစံခွက်ထဲက ခွဲထွက်ကာ အုပ်ချုပ်မှုနှင့် နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အကူအညီ၊ အထောက်အပံ့များသာ ပေးအပ်ခြင်းကိုကျော်လွန်၍ မူဝါဒပိုင်းချိန်ညှိမှု ပြုလုပ်ရမည်ဖြစ်သည်။ ပဋိပက္ခ အန္တရာယ်သက်ရောက်မှုများ၊ လူသားချင်းစာနာထောက်ထားမှုအပေါ် အခြေခံသည့် စဉ်းစားချက်များနှင့် ဥပဒေအရ အကန့်အသတ်၊ အတားအဆီးများကိုလည်း ကြီးစွာ ဂရုပြုရ ပါမည်။ ပြင်ပနိုင်ငံများအတွက်မူ မြန်မာ့အရေးချဉ်းကပ်ရာတွင် နောင်လာလတ္တံ့သော အနာဂတ်ကာလတစ်ခုအထိ ဤတိုင်းပြည်အတွင်း ဆက်လက်ဖြစ်ပေါ်နေမည့် ပြည်ထောင်စု နယ်မြေများ အစိတ်စိတ်၊ အမြွှာမြွှာ ကွဲထွက်မှုတည်းဟူသော ပကတိ အရှိတရားကို ရှောင်လွှဲ၍မရပေ။ ဖက်ဒရယ်စနစ်ကို အားပေးလိုသည့် ရည်ရွယ်ချက် ရှိခဲ့ပါလျှင်ပင် နိုင်ငံတော်အာဏာ အဆောက်အဦနှင့် ဗဟိုချုပ်ကိုင်မှု အင်စတီကျူးရှင်း အဝန်းအဝိုင်းကို ပိုမိုအားကောင်းစေသည့် ထောက်ပံ့မှုမျိုးမှာ လက်တွေ့တွင် အလုပ်ဖြစ်ဖွယ် မရှိပေ။ အပြုသဘောရလဒ်များထွက်ရှိရန် အကောင်းဆုံးချဉ်းကပ်ပုံမှာ နိုင်ငံအတွင်းက တည်ဆဲနှင့် အသစ်ထွက်ပေါ်လာမည့် နိုင်ငံတော်အစိုးရမဟုတ်သော ကိုယ်ပိုင်အာဏာပြု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားကောင်းမောင်းသန် ဖြစ်လာစေရန် ကူညီထောက်ပံ့ခြင်းပင် ဖြစ်သည်။

ဘန်ကောက်၊ ဘရပ်ဆဲလ်၊ ၂၀၂၄၊ မေလ၊ ၃၀ရက်

Subscribe to Crisis Group’s Email Updates

Receive the best source of conflict analysis right in your inbox.