Report 339 / Asia 20+ minutes

သီးခြားလွတ်လပ်ခြင်း - မြန်မာ့မြေပေါ်က ရခိုင်ပြည်အတွက် တိုက်ပွဲ

ရက္ခိုင့်တပ်တော်သည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် သီးခြားလွတ်လပ်သော နိုင်ငံငယ်တစ်ခုကို တည်ဆောက်နေသည်။ စစ်တပ်နှင့် စစ်မက်ဖြစ်ပွားစဉ်တွင် ရိုဟင်ဂျာများအပါအဝင် အရပ်သား အများအပြား ထိခိုက်သေဆုံးခဲ့သည်။ ထိုဒေသတွင် တည်ငြိမ်အေးချမ်းမှု တည်ဆောက်ရာတွင် ရက္ခိုင့်တပ်တော်၊ လူ့အသိုင်းအဝိုင်းခေါင်းဆောင်များနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ကဏ္ဍအသီးသီးက ပါဝင်နိုင်ပေသည်။

အကြောင်းအရာသစ်က ဘာလဲ - ရက္ခိုင့်တပ်တော်သည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားဒေသဖြစ်သော ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် အလယ်ပိုင်းတစ်ခွင် နယ်မြေအများစုကို သိမ်းပိုက်ထားသည်။ ထိုဒေသကြီးတစ်ခုလုံးမှ မြန်မာစစ်တပ်ကို မကြာမီ တိုက်ခိုက်၊ မောင်းထုတ်နိုင်တော့မည်ဟု ယူဆရသည်။ စစ်ရေးအရ အရေးနိမ့်နေစဉ် အသာစီးရရန် စစ်ကောင်စီသည် ရိုဟင်ဂျာမွတ်စလင်များကို တပ်သားသစ် စုဆောင်းခဲ့သည်။ ရက္ခိုင့်တပ်တော်၏ တုံ့ပြန်စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာအရပ်သားများအပေါ် ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်ကြောင်း သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့သည်။

ဘာကြောင့် ဒီအကြောင်းအရာက အရေးပါသလဲ - သီးခြားလွတ်လပ်သည့် နိုင်ငံငယ်အဖြစ် ပေါ်ထွက်လာမည့် ၎င်း၏ ထိန်းချုပ်နယ်မြေကို အုပ်ချုပ်ရန် ရက္ခိုင့်တပ်တော်က ကြိုးပမ်းစဉ် ရခိုင်ပြည်နယ်သည် လွန်စွာကြီးမားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်။ စစ်ကြောင့် ဒေသခံများ အရေအတွက် သိန်းနှင့်ချီ၍ နေရပ်စွန့်ခွာကြရသည်။ ထို့ပြင် မရှိမဖြစ်လိုအပ်သော ကုန်စည်ပစ္စည်းများ အေအေ၏ နယ်မြေများသို့ မဝင်ရောက်စေရန် စစ်တပ်က ပိတ်ဆို့ထားရာ အရပ်သားများ ထိုဒဏ်ကို ခံစားနေရသည်။ နိုင်ငံတော်အစိုးရများနှင့်သာ ပူးပေါင်းဆောင်ရွက်ရာတွင် အသားကျနေပြီဖြစ်သည့် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစိန်ခေါ်မှုများနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းရမည့် နည်းလမ်းများကို နိုင်ငံတော်အစိုးရမဟုတ်သော အာဏာပိုင် အဖွဲ့အစည်းတစ်ရပ်နှင့် ပူးပေါင်း၍ ဆုံးဖြတ်၊ အဖြေရှာရမည်ဖြစ်သည်။

ဘာလုပ်ဆောင်သင့်သလဲ - ရက္ခိုင့်တပ်တော်အနေဖြင့် ဆူလွယ်နှပ်လွယ် သဘောထား၊ ပြောဆိုချက်များကို ရှောင်ရှားပြီး အရပ်သားများကို အကာအကွယ်ပေးသင့်ပါသည်။ ထို့ပြင် သတင်းထွက်ပေါ်သည့် အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို အများလက်ခံနိုင်သည်အထိ စုံစမ်းစစ်ဆေးသင့်ပြီး ရိုဟင်ဂျာခေါင်းဆောင်များနှင့် သင့်မြတ်ရေးလုပ်ငန်းစဉ်များအတွက် ဆွေးနွေးအဖြေရှာသင့်ပါသည်။ အခြားအန္တရာယ်များနှင့် ဥပဒေပိုင်းဆိုင်ရာ အကန့်အသတ်များကို ဂရုပြုပြီးသကာလ ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးရှေးရှု၍ ရက္ခိုင့်တပ်တော်နှင့် ထိတွေ့ဆက်ဆံသင့်ပါသည်။ နိုင်ငံတကာအလှူရှင်များကမူ ရခိုင်ပြည်နယ်တစ်ဝန်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ ကျယ်ကျယ်ပြန့်ပြန့် ပေးအပ်နိုင်ရန် နည်းလမ်းများကို ရှာဖွေဖော်ထုတ်သင့်ပါသည်။

ရှာဖွေတွေ့ရှိချက် အနှစ်ချုပ်

၂၀၂၃နှောင်းပိုင်းတွင် ရခိုင်ပြည်နယ်ကို သိမ်းပိုက်အုပ်ချုပ်ရန် စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့သည့် ရက္ခိုင့်တပ်တော် (အေအေတပ်ဖွဲ့) သည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား နယ်စပ်ဒေသတွင် လူဦးရေတစ်သန်းခန့် နေထိုင်သည့် အကျယ်အဝန်းရှိသော အချုပ်အခြာအာဏာပိုင်နယ်မြေတစ်ခု ထူထောင်ရန် ကြိုးပမ်းနေသည်။ ထိုစဉ် မြန်မာစစ်တပ်က အရပ်သားနှင့် အေအေတပ်ဖွဲ့ဝင်များကို ခွဲခြားခြင်းမပြုဘဲ လုံးထွေးရောကျိတ်သည့် တိုက်ခိုက်မှုများဖြင့် ပြန်လည်တုံ့ပြန်သည့်အပြင် ရခိုင်ပြည်နယ်အတွင်းရှိ ပဋိပက္ခဖြစ်ပွားရာဒေသများသို့ ကုန်စည်စီးဆင်းမှုကို ပိတ်ပင်ခဲ့ရာ ဒေသခံများအဖို့ စားဝတ်နေရေး အလွန်ကျပ်တည်းလျက်ရှိသည်။ ထိုသို့ တိုက်ခိုက်၊ ပိတ်ဆို့၊ ဖြတ်တောက်မှုများရှိသည့်တိုင် လူများစု ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတို့၏ ထောက်ခံမှု အပြည့်အဝရရှိသော ရက္ခိုင့်တပ်တော်သည် ပြည်နယ်မြောက်ပိုင်းရှိ မွတ်စလင်ရိုဟင်ဂျာများ အများစုနေထိုင်ရာ မြို့နယ်များသို့ပါ စစ်ရေးအရ ချဲ့ထွင်နိုင်ခဲ့သည်။ ထိုမြို့နယ်များတွင် ရက္ခိုင့်တပ်တော်က အရပ်သား မွတ်စလင် ရိုဟင်ဂျာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည်။ အဆိုပါဒေသများနှင့် နယ်စပ်တစ်လျှောက် ၎င်း၏ထိန်းချုပ်မှုကို လက်မလွှတ်ရစေရန် အရူးမီးဝိုင်းနေသော စစ်ကောင်စီသည် ရိုဟင်ဂျာများကို တပ်သားသစ်အဖြစ် စုဆောင်းသည့်အပြင် ၎င်းတို့နှင့် ပူးပေါင်းကြံစည်ကာ ရခိုင်တို့၏ နေအိမ်များကို ဖျက်ဆီးခဲ့သည်။ ရှုပ်ထွေးသော အခြေအနေများ တည်ငြိမ်သွားမည့် နောင်တစ်ချိန်တွင် ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်နယ်ကို အမှန်တကယ် အုပ်ချုပ်မည့် အာဏာပိုင် အဖွဲ့အစည်းအဖြစ် ထွက်ပေါ်လာရန် အလွန်နီးစပ်နေပြီ ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရက္ခိုင့်တပ်တော်နှင့် ဆက်ဆံမည်လော၊ ဆက်ဆံမည်ဆိုပါက မည်သို့မည်ပုံ ပူးပေါင်းဆောင်ရွက်မည်နည်း စသည့် မေးခွန်းများကို အဖြေရှာရန် လိုအပ်နေသည်။ မိမိအာဏာပိုင်သသည့် နယ်မြေအတွင်း တည်ငြိမ်မှုရှိစေရန် ရက္ခိုင့်တပ်တော်သည် ရိုဟင်ဂျာများနှင့် ၎င်းတို့အကြား ဆက်ဆံရေးအဖုအထစ်များကို ပြန်လည်ပြုပြင်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့် ပြုသင့်ပါသည်။ ထို့ပြင် ဒါကာအစိုးရနှင့် နိုင်ငံတကာ အလှူရှင်များထံသို့ ဆက်သွယ်ပြီး လူသားချင်းစာနာမှု အထောက်အပံ့နှင့် အကူအညီများ တောင်းခံသင့်ပါသည်။ ဒါကာနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကမူ ရက္ခိုင့်တပ်တော်နှင့် ပူးပေါင်း၍ လူသားချင်းစာနာထောက်ထားမှုနှင့် လုံခြုံရေးဆိုင်ရာ ဘုံရည်မှန်းချက်များ အောင်မြင်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်သင့်ပါသည်။

လအနည်းငယ်အတွင်း ရက္ခိုင့်တပ်တော်သည် မြန်မာနိုင်ငံအတွင်း အစိုးရမဟုတ်သော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ထိန်းချုပ်သည့် ဒေသများအနက် နေထိုင်သူ လူဦးရေသာမက အကျယ်အဝန်းအရပါ အကြီးမား၊ အကျယ်ပြန့်ဆုံး ကိုယ်ပိုင်အုပ်ချုပ်သည့် နယ်မြေကြီးတစ်ခုကို သိမ်းပိုက်၊ ဖန်တီးနိုင်ခဲ့ပြီဖြစ်သည်။ ရက္ခိုင့်တပ်တော်သည် မဝေးတော့သည့် ကာလတစ်ခုတွင် ရခိုင်တစ်ပြည်လုံးနီးပါးကို သိမ်းပိုက်တော့မည်အထိ စစ်ရေးအရ အသာစီးရနေသည်။ ‌အောင်မြင်မှု၏ အရင်းအနှီးကလည်း ကြီးလှပြီး ပြည်နယ်အတွင်းနေထိုင်သော အရပ်သားများ၏ အသက်၊ သွေး၊ ချွေးတို့ပါ စတေးရသည်။ တိုက်ပွဲများကြောင့် ရခိုင်‌နှင့် ရိုဟင်ဂျာ အသိုင်းအဝိုင်း နှစ်ခုလုံးက အရပ်သားများ သိန်းနှင့်ချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးရသည်။ စစ်ကောင်စီက နေ့စဉ်နီးပါး အရပ်သားများကိုပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ စစ်မက်ဖြစ်ပွားရာ ကာလအတွင်း စစ်ကောင်စီရော၊ ရက္ခိုင့်တပ်တော်ကပါ အရပ်သားများအပေါ် အလွန်ဆိုးဝါးလှသော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြောင်း ယုံကြည်ရလောက်သည့် စွပ်စွဲချက်များလည်း ထွက်ပေါ်လာသည်။ မေလနှောင်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်နယ်မြို့တော် စစ်တွေအနီး ဆင်ခြေဖုံးအရပ်ရှိ ကျေးရွာတစ်ရွာတွင် ရခိုင်လူမျိုးအရပ်သားအများအပြားကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည်။ ထိုအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမှာ ၂၀၂၁နောက်ပိုင်း စစ်တပ်ကျူးလွန်ခဲ့သော အဆိုးရွားဆုံး ရက်စက်ယုတ်မာမှုများအနက် တစ်ခုဖြစ်ခဲ့သည်။ မကြာသေးမီကလည်း ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တောမြို့ကို သိမ်းပိုက်ရန် စစ်တပ်နှင့် စစ်မက်ခင်းနေစဉ် ရိုဟင်ဂျာအရပ်သား ၂၀၀ခန့်သတ်ဖြတ်ခံရမှုအတွက် တာဝန်ရှိကြောင်း စွပ်စွဲချက်များ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့သည်။

စစ်ရေးအရ ရက္ခိုင့်တပ်တော်သည် မြန်မာစစ်တပ်ကို အဖက်ဆယ်မရသည့် ရှုံးပွဲများဖြင့် ရခိုင့်မြေမှ အပြီးသတ် ချေမှုန်းနိုင်ရန် သေချာသလောက်ရှိနေချိန်တွင် ၎င်းအတွက် နိုင်ငံရေးအရ စိန်ခေါ်မှုများရှိနေသည်။ အေအေတပ်ဖွဲ့၏ နိုင်ငံရေးလက်ရုံးအဖွဲ့အစည်းဖြစ်သည့် ရခိုင်အမျိုးသားအဖွဲ့ချုပ်တွင် ရက္ခိုင့်တပ်တော်က သိမ်းယူထားသည့် နယ်မြေနှင့် ထိုနယ်မြေတွင် နေထိုင်သူ အရပ်သားများကို အုပ်ချုပ်နိုင်စွမ်းနှင့် ထိုသို့အုပ်ချုပ်ရန် လူ့စွမ်းအားနှင့် အခြားအရင်းအမြစ်များ အပြည့်အဝ ရှိ၊ မရှိက မသေချာလှပေ။ ပို၍မကျိန်းသေသည်မှာ အေအေတပ်ဖွဲ့က ၎င်းထိန်းချုပ်ရာ ဒေသတွင် တည်ငြိမ်မှု ဆောင်ကြဉ်းနိုင်ပါ့မလား ဆိုသည့် အချက်ပင်ဖြစ်သည်။ ရခိုင်လူထုသည် အေအေတပ်ဖွဲ့ကို အပြည့်အဝ ထောက်ခံထားသည်ဖြစ်ရာ ၎င်းထိန်းချုပ်ရာဒေသများရှိ ပြည်သူများ လက်တလောကြုံတွေ့နေရသည့် နိစ္စဓူဝ ပြဿနာများကို လက်ရှိတွင် စိတ်ရှည်သည်းခံပေလိမ့်မည်။ ထိုကာလအတွင်း ရက္ခိုင့်တပ်တော်အနေဖြင့် အခြေခံကျသည့် ပြဿနာများ ဖြစ်‌သော လျှပ်စစ်မီးနှင့် အင်တာနက်လိုင်း မရရှိခြင်း၊  မရှိမဖြစ်လိုအပ်သည့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ဆုံးရှုံးရခြင်းနှင့် စစ်မီးကြောင့် စီးပွားရေးလုပ်ငန်းများ နာလံမထူနိုင်ခြင်းတို့ကို ကုစား၍ အဖြေရှာရမည်ဖြစ်ပါသည်။ သို့သော် ရခိုင်လူထုက ထိုဒဏ်များကို အချိန်မည်မျှကြာသည်အထိ အောင့်အည်းသည်းခံနိုင်မည်နည်းဆိုသည်ကိုမူ မည်သူမျှ မသိနိုင်ပေ။

လက်တွေ့အလုပ်ဖြစ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခု တည်ဆောက်ရာတွင် ရက္ခိုင့်တပ်တော်သည် အလွန်နက်နဲသော စိန်ခေါ်မှုများ ကြုံတွေ့နေရသည်။ ရခိုင်ပြည်နယ်တွင် အလွယ်တကူ အသုံးချနိုင်သည့် သဘာဝသယံဇာတ အနည်းငယ်သာထွက်ရှိသည်။ ထို့ပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ စသည့်နိုင်ငံများနှင့် မြန်မာအကြား ရခိုင်ပြည်နယ်မှတစ်ဆင့် ကုန်သွယ်ရေးနှင့် ကူးလူးဆက်ဆံရေးမှာ ပြောပလောက်အောင် ဖွံ့ဖြိုးတိုးတက်မှုမရှိပေ။ အဆိုပါနှစ်နိုင်ငံသည် တရုတ်နှင့် ထိုင်းနိုင်ငံတို့ကဲ့သို့ ၎င်းတို့နှင့်မြန်မာနယ်စပ်တစ်လျှောက် အခြေစိုက်သော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို ထိတွေ့ဆက်ဆံခြင်း မပြုဘဲ ခပ်ကင်းကင်းနေလေ့ရှိသည်။ အကျိုးဆက်အနေဖြင့် ရခိုင်ပြည်နယ်သည် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးကဲ့သို့ မရှိမဖြစ်လိုအပ်သော ကုန်စည်ပစ္စည်းများအတွက် စစ်ကောင်စီထိန်းချုပ်သော မြန်မာပြည် အလယ်ပိုင်းဒေသကို အကြီးအကျယ် မှီခိုရသည်။ ထို့ပြင် လျှပ်စစ်မီး၊ ဆက်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအတွက် နေပြည်တော်၏ အာဏာစက်လက်တံများကို ရာနှုန်းပြည့်နီးပါး အားပြုရသည်။ တစ်ဆက်တည်းတွင် တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံလုံးသည် မဟာဗျူဟာမြောက်ပထဝီဝင်နိုင်ငံရေး ရည်မှန်းချက်များကြောင့် ရခိုင်မြေတွင် ဩဇာတည်ဆောက်ရန် ကြိုးပမ်းနေကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမူ ရခိုင်ပြည်နယ်က ထွက်ပြေးလာသည့် အရေအတွက် တစ်သန်းခန့်ရှိသော ရိုဟင်ဂျာဒုက္ခသည်များကို ဆောလျင်စွာ နေရပ်ပြန်ပို့ရန် စိတ်အားထက်သန်နေသည်။ နိုင်ငံကြီးများ၏ ရှုပ်ထွေးလှသော အကျိုးစီးပွားရပ်ဝန်းတွင် ခလုတ်မထိ၊ ဆူးမငြိဘဲ လမ်းကြောင်းမှန် ရှာဖွေနိုင်ရေးသည် ရက္ခိုင့်တပ်တော်အတွက်မူ အလွန်တရာ အရေးကြီးလှပါသည်။

ဆိုးကျော့ သံသရာလည်နေခဲ့သဖြင့် ၁၉၄၂ကတည်းက ရခိုင်ပြည်နယ်အတွင်းရှိ လူ့အသိုင်းအဝိုင်းနှစ်ခုအကြား တည်ရှိခဲ့သည့် သိမ်မွေ့နက်နဲသော ဆက်ဆံရေးများကို စီမံခန့်ခွဲရာတွင်လည်း ရက္ခိုင့်တပ်တော်သည် စိန်ခေါ်မှုများ ကြုံတွေ့နေရသည်။ အထူးသဖြင့် ပြည်နယ်အတွင်း လူများစုဖြစ်သော ဗုဒ္ဓဘာသာဝင်ရခိုင်များနှင့် ရခိုင်မြောက်ပိုင်းတွင် ပိုမိုအားကောင်းသော်လည်း ပြည်နယ်အတွင်း လူနည်းစုဖြစ်သော မွတ်စလင်ရိုဟင်ဂျာများ အကြား လူမျိုးရေးအသွင်ဆောင်သည့် ပဋိပက္ခများက သမိုင်းတစ်လျှောက် ထပ်တလဲလဲ ဖြစ်ပွားခဲ့သည်။ ဖေဖော်ဝါရီမှစတင်၍ စစ်ကောင်စီသည် မီးခဲပြာဖုံး အခြေအနေတွင် ရှိနေသေးသည့် လူမျိုးရေးပဋိပက္ခကို မီးလောင်ရာလေပင့်ရန် ကြိုးပမ်းလာသည်။ ရက္ခိုင့်တပ်တော်ကို တိုက်ခိုက်ရန် ရိုဟင်ဂျာများကို အတင်းအကျပ် လူသစ်စုဆောင်းခဲ့သည့်အပြင် စစ်တပ်သည် တစ်ချိန်က ၎င်းကိုယ်တိုင် အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ခဲ့သော ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များနှင့်ပင် ပူးပေါင်းခဲ့သည်။ အဆိုပါ ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့များသည်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ရိုဟင်ဂျာ ဒုက္ခသည်စခန်းများမှ လူငယ်လူရွယ်များနှင့် အရွယ်မရောက်သေးသည့် ယောက်ျားလေးများကိုပါ လူသစ်စုဆောင်းခဲ့သည်။ စုဆောင်းသည့် လူငယ်များကို ၎င်းတို့တပ်ဖွဲ့အတွင်း တပ်သားသစ်များအဖြစ် သွတ်သွင်းသလို စစ်ကောင်စီထံသို့လည်း ပေးပို့သည်။

ရိုဟင်ဂျာအများအပြားသည် အတင်းအဓမ္မ လူသစ်စုဆောင်းခံခဲ့ရသည်။ သို့ရာတွင် အချို့ရိုဟင်ဂျာများကမူ စစ်မှုထမ်းရန် ၎င်းတို့ကိုယ်တိုင် လိုလိုလားလား စာရင်းပေးသွင်းခဲ့ကြသည်။ ၎င်းတို့သည် ရခိုင်လူမျိုး အရပ်သားများကို တိုက်ခိုက်ရာတွင် ပါဝင်ကြောင်းနှင့် နေအိမ်များ အစုလိုက်၊ အပြုံလိုက် မီးရှို့ဖျက်ဆီးသည့် အဖျက်အမှောင့်လုပ်ငန်းများတွင် ကျူးလွန်ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာသည်။ ထိုအပြုအမူများသည် ရက္ခိုင့်တပ်တော် ခေါင်းဆောင်များကို ဒေါသထွက်စေခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် အေအေတပ်ဖွဲ့ ခေါင်းဆောင်က မကြာသေးမီက ပွဲဆူစေသည့် မှတ်ချက်အချို့ ပြောဆိုရေးသားခဲ့ရာ ယိုယွင်းနေပြီးဖြစ်သော လူ့အသိုင်းအဝိုင်းနှစ်ခုအကြားက လူမျိုးရေးတင်းမာမှုများကို ပိုမိုဆိုးရွားစေခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများ အများစုနေထိုင်သော ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ပြင်းထန်လှသော တိုက်ပွဲများ ဖြစ်ပွားစဉ်အတွင်း အေအေတပ်ဖွဲ့ဝင်များသည် ရိုဟင်ဂျာများအပေါ် အလွန်ဆိုးရွားလှသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာသည်။ ၎င်းတို့အနက် ဩဂုတ်လ ၅ရက်နေ့က ဖြစ်ပွားခဲ့သော ရိုဟင်ဂျာများကို ပစ်မှတ်ထားတိုက်ခိုက်မှုလည်း ပါဝင်ပြီး အေအေတပ်ဖွဲ့ကမူ အဆိုပါစွပ်စွဲချက်များကို ငြင်းဆန်ထားသည်။

ရခိုင်ပြည်နယ်သည် လက်ရှိတွင် ဘေးအန္တရာယ်ပတ်ပတ်လည် ဝိုင်းရံနေသည့် လမ်းဆုံ၊ လမ်းခွသို့ ရောက်ရှိနေသည်။ ထိုအခြေအနေတွင် ရခိုင်နှင့် ရိုဟင်ဂျာ အသိုင်းအဝိုင်းနှစ်ခုလုံး၏ ခေါင်းဆောင်များအနေဖြင့် သမိုင်းရန်ကြွေးများကို အပြန်အလှန်လက်စားချေသည့် ဆိုးကျော့သံသရာထက် ကျော်လွန်၍ အမြော်အမြင် ကြီးစွာဖြင့် တင်းမာမှုများကို လျှော့ချသင့်ပါသည်။ နှစ်ဘက်လုံးက အဆိပ်အတောက်ဖြစ်စေသည့် သဘောထား၊ ပြောဆိုချက်များကို ရှောင်ကြဉ်ပြီး နောက်ထပ် သွေးထွက်သံယို ပဋိပက္ခများ ထပ်မဖြစ်လာစေရန် တွေ့ဆုံဆွေးနွေးမှုများ စတင်သင့်ပါသည်။ ထို့ပြင် စစ်တပ်က နှစ်ဘက်အသိုင်းအဝိုင်းကို ရန်တိုက်ပေးသည့် လုပ်ဆောင်ချက်များကိုလည်း အယုံမလွယ်သင့်ပေ။ ရက္ခိုင့်တပ်တော်ကမူ ၎င်း၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များအနေဖြင့် အရပ်သားများကို အကာအကွယ်ပေးခြင်း၊ ၎င်းတို့၏ လူ့အခွင့်အရေးများကို လေးစားခြင်း စသည်တို့ကို တိတိကျကျ လိုက်နာရန် ကြပ်မတ်သင့်ပါသည်။ ရိုဟင်ဂျာများကို ၎င်း၏အုပ်ချုပ်ရေးယန္တရားတွင် ပိုမိုခန့်အပ်သင့်ပြီး အေအေတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးရန် ခွင့်ပြုသင့်ပါသည်။ အဆိုပါ စုံစမ်းစစ်ဆေးမှုကို လက်တွေ့ဖြစ်နိုင်သည့်အချိန်တွင် အမြန်ဆုံး စတင်သင့်ပါသည်။

ပြည်တွင်းရေးစိန်ခေါ်မှုများရှိသည့်တိုင် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသည် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်လာလျှင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အနေဖြင့် ရက္ခိုင့်တပ်တော်အပေါ် မည်သို့ပင် သဘောထားရှိစေကာမူ မိမိ၏ နယ်စပ်တံခါးဝတွင် ထာဝရကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်လာသည်အထိ လွတ်လပ်သော နိုင်ငံငယ်တစ်ခု ထူထောင်နိုင်သည်အထိ နိုင်ငံရေး ရည်မှန်းချက်ရှိသည့် အေအေတပ်ဖွဲ့နှင့် ထိတွေ့ဆက်ဆံမှုကို ပို၍တိုးချဲ့သင့်ပါသည်။ တစ်ချိန်တည်းတွင် ဘင်္ဂလားဒေ့ရှ် သံတမန်များအနေဖြင့် ရိုဟင်ဂျာများကို လူသားဆန်ဆန်နှင့် ဂုဏ်သိက္ခာရှိစွာဖြင့် ဆက်ဆံရန်မှာ အရေးကြီးကြောင်းကို အေအေတပ်ဖွဲ့သို့ သတင်းစကားပါးသင့်ပါသည်။ နယ်စပ်ဒေသ တည်ငြိမ်မှုရှိစေရန်နှင့် သာမန်မဟုတ်သည့် နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းသွားလာမှု၏ အကြောင်းရင်းခံများကို ဖြေရှင်းသည့် အနေဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရသည် အဆိုပါဒေသသို့ လူသားချင်းစာနာမှုအကူအညီများထောက်ပံ့မှုကို ပိုမိုတိုးမြှင့်ရန် ခွင့်ပြုသင့်ပါသည်။ ထို့ပြင် နှစ်နိုင်ငံအကြား နယ်ခြားဒေသဖြတ်၍ ကုန်သွယ်မှုကိုလည်း ပို၍တိုးမြှင့်သင့်ပါသည်။ နောက်ဆုံးအနေဖြင့် ဒါကာအစိုးရသည် ဒုက္ခသည်စခန်းများတွင် လုံခြုံရေးပိုမိုတိုးမြှင့်သင့်ပြီး လက်နက်ကိုင်အဖွဲ့များ ထင်ရာစိုင်းအုပ်စိုးနေမှုကို ထိန်းချုပ်၊ လျှော့ချသင့်သည့်အပြင် စစ်မှန်သော ရိုဟင်ဂျာအရပ်ဘက်အဖွဲ့အစည်းများ ပေါ်ပေါက်လာရန် ခွင့်ပြုသင့်ပါသည်။ အခြားနိုင်ငံတကာအစိုးရများအနေဖြင့် ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများရှိ ပဋိပက္ခဒဏ်သင့် လူ့အသိုင်းအဝိုင်းအားလုံးထံသို့ လူသားချင်း စာနာထောက်ထား ကူညီမှုများ ပိုမိုတိုးတက်စေရန်နှင့် ထောက်ပံ့မှုများ ပိုမိုတိုးမြှင့်ပေးနိုင်ရန် ရက္ခိုင့်တပ်တော်နှင့်သာမက မြန်မာ၏အိမ်နီးချင်းနိုင်ငံများနှင့်ပါ ဆက်ဆံ၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ် သင့်ပါသည်။

ရခိုင်ပြည်နယ်အတွင်းက ဖြစ်ပေါ်တိုးတက်မှုများကြောင့် အထူးသဖြင့် ရက္ခိုင့်တပ်တော်ကဲ့သို့ ပြည်နယ်ကို အမှန်တကယ်အုပ်ချုပ်မည့် အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်နှင့် ပူးပေါင်း‌ဆောင်ရွက်ရေးသည် အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအတွက်မူ အကျပ်ရိုက်စရာ အခြေအနေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တည်ရှိပြီး နိုင်ငံတကာဆက်ဆံရေးစနစ်သည် ထိုသို့ ပူးပေါင်းဆောင်ရွက်မှုများအတွက် ဥပဒေကြောင်းအရ သာမက လက်တွေ့သဘောအရပါ နိုင်ငံတော်အစိုးရများကို အထူးအခွင့်အရေးများ ပေးအပ်ထားသောကြောင့် ဖြစ်သည်။ ထိုသို့ အကျပ်ရိုက်စရာဖြစ်သည့်တိုင် Crisis Group က ကြုံကြိုက်သည့်အခါတိုင်း အကြံပြုသလို အိမ်နီးချင်းနှင့် အလှူရှင်နိုင်ငံများအနေဖြင့် ရခိုင်ပြည်နယ်ကို မြေပြင်တွင် လက်တွေ့အုပ်ချုပ်သူများနှင့် ပူးပေါင်း၍ ဘုံရည်မှန်းချက်များကို အကောင်အထည်ဖော်ခြင်းဖြင့် အကြီးမားဆုံးသော လူသားချင်စာနာထောက်ထားမှုနှင့် လုံခြုံရေးဆိုင်ရာ တိုးတက်မှုများကို ဆောင်ကြဉ်းပေးနိုင်ပါသည်။ ထိုသို့ ပူးပေါင်းရာတွင်လည်း ကျွဲကူးရေပါ လိုက်ပါလာမည့် လူ့အခွင့်အရေး၊ ပဋိပက္ခနှင့် ဥပဒေကြောင်းအရ ပေါ်ပေါက်လာနိုင်သည့် အန္တရာယ်များကို သာမက အခြားကန့်သတ်ချက်များကိုပါ ဂရုပြုသင့်ပါသည်။

ရက္ခိုင့်တပ်တော်ကမူ လက်ရှိတွင် ခက်ခဲသည့် စာမေးပွဲတစ်ရပ်ကို ဖြေဆိုနေရချိန်ဖြစ်သည်။ အေအေတပ်ဖွဲ့သည် မြန်မာစစ်တပ်ကို ရခိုင်ပြည်နယ်အတွင်းက စစ်မြေပြင်တွင် အပြတ်အသတ် ချေမှုန်းနိုင်ခဲ့ပြီဖြစ်သည်။ သို့သော် ၎င်းအနေဖြင့် တိုင်းပြည်၏ အနောက်ဘက်ခြမ်းက အမေ့လျော့ခံ လူ့အသိုင်းအဝိုင်းများအတွက် တည်ငြိမ်မှုကို ဆောင်ကြဉ်းနိုင်ကြောင်းနှင့် ဒေသတွင်းနေထိုင်သူ လူ့အသိုင်းအဝိုင်းအားလုံးကို အကာအကွယ်ပေးပြီး ကောင်းမွန်စွာအုပ်ချုပ်နိုင်ကြောင်း သက်သေပြရန် လိုအပ်နေသည်။

ဒါကာ၊ ဘရပ်ဆဲလ်။ 

၂၇ရက်၊ ဩဂုတ်လ၊ ၂၀၂၄။

Subscribe to Crisis Group’s Email Updates

Receive the best source of conflict analysis right in your inbox.